ကန့်ကွက်မဲ ထည့်ကြပါဗျို့ 

>> Thursday, April 24, 2008






Read more...

မိမိတို့လူထုအတွက် အမေ...

>> Monday, April 7, 2008



သတင်းစာဆရာ.. စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်။

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့  ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက .. ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ ဆုံးတယ်ခင်ဗျ။ မန္တလေးဆေးရုံ နှလုံးရောဂါအထူးကုဆောင်မှာပါ.. ဟု ပြောသည်။


မိမိရဲ့အီးမေးဆီကို forward လုပ်လာတဲ့ စာလေးပါ။ စာထဲမှာတော့ အပေါ်မှာမြင်ရတဲ့အတိုင်း ထူးခြားတဲ့သတင်းလေးတခုပေါ့။

မိမိဟာ လူထုဒေါ်အမာဆိုတာကို လွန်ခဲ့သော ၅ နှစ်လောက်မှ စပြီး ကြားဖူးတာပါ။
သူများတွေလို အမေဟာ.. ဘယ်လို... ဘာဖြစ်.. ဘာကြောင့်.. ဘယ်လောက်.. စတဲ့စတဲ့ လူထုဒေါ်အမာကို ဂုဏ်ပြုရေးဖွဲ့တဲ့စာတွေ.. လူထုဒေါ်အမာရဲ့ ဘ၀တစိတ်တဒေသတွေ.. သူမရဲ့ စိတ်ဓာတ်တွေ.. စတဲ့စတဲ့ လူထုဒေါ်အမာအကြောင်းကို လုံးစေ့ပတ်စေ့ မသိပါဘူး။




လူထုဒေါ်အမာရဲ့ စာတွေနဲ့ရင်းနှီးသလားဆိုတော့လည်း ... လူထုဒေါ်အမာကိုယ်တိုင်ရေးစာအုပ် ဘယ်နှအုပ်ထွက်ပြီလဲဆိုတာလည်း ရေရေရာရာ မသိပါဘူး။

ဒါပေမယ့် ... သတင်းစာဆရာ.. စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်... ဆိုတဲ့သတင်းဟာ မိမိရဲ့ရင်ကို တခုခုက ထိခိုက်ရိုက်နှက်သလို နာကျဉ်မှုကို ခံစားစေပါတယ်...။ ဒါဟာ ၀မ်းနည်းပူဆွေးမှုလား.. အံ့သြမှုလား.. မယုံကြည်နိုင်မှုလား.. နှမျော်တသဖြစ်မှုလား.. ဘာခံစားချက်လဲဆိုတာတော့ အခုထိ အမည်ဖော်လို့မရသေးပါဘူး။ သေချာတာက မိမိရင်မှာ ကျဉ်ခနဲ ခံစားရတယ်။

လူထုဒေါ်အမာ.. ....
အမေလို့ ခေါ်ပါရစေ..။ ဟုတ်တယ်။ အမေလူထုဒေါ်အမာဟာ လူတွေလူတွေ တင်စားသမှုနဲ့ခေါ်တဲ့ `အမေ´ဆိုတဲ့ အမည်နာမနဲ့ အလိုက်ဖက်ဆုံးပါ။ `အမေ´ဆိုတဲ့ နာမည် ခေါ်ထိုက်တဲ့ အမေလူထုဒေါ်အမာပါ။

အမေနဲ့ လက်ပွန်းတတီးနေခဲ့ကြတဲ့.. စာရေးဆရာကြီးတွေ.. သတင်းစာဆရာကြီးတွေ.. တော်လှန်ရေးသမားတွေ ဘယ်လိုခံစားရလဲ မိမိမတွေးလိုပါ။

စာပေနဲ့ပတ်သတ်တဲ့ နေ့ထူးနေ့မြတ်တွေမှာ.. တော်လှန်ရေး..နိုင်ငံရေးနဲ့ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေမှာ အမေ့ရဲ့ ပါဝင်မှုက လှစ်လပ်ထားလို့မရပါဘူး။


စာအုပ်တွေရဲ့ အမှာစာမျက်နှာမှာ အမေ့ရဲ့ စေတနာမေတ္တာ အရင်းခံတဲ့ ချီးမွမ်းစကား.. ဆုံးမစကားများ...

အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ကြားက အရေးကြီးရင် ကြီးသလို လေလှိုင်းပေါ်က အမေ့ရဲ့ အမှတ်တရ စိတ်ဓာတ်နိုးကြားစေမယ့် အားပေးစကားများ...

စာရေးဆရာပေါင်းများစွာရဲ့ အမေ့ရဲ့ သမိုင်းဝင် လုပ်ဆောင်ချက်များနဲ့ လူထုအပေါ်ထားတဲ့ မေတ္တာတွေအပေါ် ဂုဏ်ပြုရေးသားချက်များ...

ဒီလို အမေနဲ့ မိမိတို့လို လူငယ်တွေကို ဆက်သွယ်ပေးတဲ့ အသံလှိုင်းတွေ.. စာပေတွေကြောင့် အမေ့ကို မိမိ သိကျွမ်းခဲ့တာပါ။ ဒါပေမယ့် ဒီလို ရိုးရိုးလေး သိကျွမ်းမှုကလေးကြောင့်ပဲ အမေဆုံးပြီဆိုတဲ့သတင်းက မိမိရင်ကို နာကျဉ်စေတာ မဟုတ်ပါဘူး။

စာပေဟာ အမျိုးဂုဏ်နဲ့ နိုင်ငံ့ဂုဏ် (တိုင်းပြည်ဂုဏ်) ကို ထိန်းသိမ်းပြုပြင်ရာမှာ အထိရောက်ဆုံး လက်နက်တခုပါဘဲ။ စာပေဆိုတဲ့အတိုင်း.. စာပေမှာလည်း အမျိုးမျိုးရှိပါတယ်။ စာပေရေသားတဲ့သူတွေမှာလည်း သူတို့ရဲ့ စာတစောင်.. စာအုပ်တအုပ် ရေးရခြင်းရဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်..။

အမေဟာ မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းယူသွားနိုင်မယ့် တန်ဖိုးရှိတဲ့ စာပေတွေနဲ့ ဘ၀တသက် တိုင်းပြည်နဲ့လူထုကို အကျိုးပြုခဲ့တယ်။ အမေဟာ စာထဲမှာဘဲ စာတွေ့ ရေးတာမဟုတ်ဘဲ လက်တွေ့ မှာလည်း တိုင်းပြည်နဲ့ လူမျိုးအတွက်ဆို အချိန်မဆိုင်း ဘယ်အရွယ် ဘယ်အချိန်ရောက်ရောက် အမြဲတမ်း တက်ကြွနေတယ်။ အမှန်တရားအတွက် အကြောက်တရားကင်းကင်းနဲ့ လူထုဒေါ်အမာဆိုတဲ့ နာမည်နဲ့အတူ အမြဲတမ်း လူထုဘက်မှာ ရပ်တည်ခဲ့တယ်။ စာပေသမား.. စာရေးဖို့သာ အဓိကမဟုတ်ဘဲ ဒီစာပေတွေနဲ့ လူထုကို အသိပညာပေးရုံမက အမေကိုယ်တိုင် ခေတ်အဆက်ဆက် နယ်ချဲ့ .. ဖက်ဆစ်အပါအ၀င် မတရားတဲ့ အာဏာရှင်တွေကို ဆန့်ကျင်ခဲ့တာတွေဟာ လူထုအတွက် စံပြဖြစ်စေခဲ့တယ်။ ဒါကြောင့် အမေဆုံးသွားပြီဆိုတဲ့သတင်းဟာ အမေ့မိသားစုအပြင် တိုင်းပြည်မှာရှိတဲ့ လူထုတွေဟာ အမေ့မိသားစု သားမြေးမြစ်တွေနဲ့ထပ်တူ ပူဆွေးဝမ်းနည်းကြရပါတယ် အမေရေ..။ အထိနာဆုံးက တိုင်းပြည်အတွက် တကယ့်တန်ဖိုးရှိတဲ့လူတယောက် ဆုံးရှုံးလိုက်ရပါပြီ။

လူဆိုတာ သေမျိုးကြီးပဲ.. တနေ့တချိန် သေချိန်တန်ရောက်ရင် သေကြရပေမယ့်.. အခုအချိန်မှာ- အခုလို အရေးကြီးတဲ့အချိန်မှာ အမေအမြဲတမ်းလိုချင်ခဲ့တဲ့ ငြိမ်းချမ်းတဲ့မြန်မာပြည်ကြီးကို မမြင်လိုက်ရဘဲ တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေတဲ့အချိန်မှာ အမေ ဘ၀တပါးကို ရုတ်တရက် ပြောင်းသွားခဲ့တယ်..။

ဒါပေမယ့်အမေရေ... နောက်ဆံမတင်းခဲ့ပါနဲ့တော့.. အမေ လက်ဆင့်ကမ်းလိုက်တဲ့ မျိုးဆက်သစ်တွေဟာ အမေသွေးခဲ့တဲ့ သွေးတွေနဲ့အတူ အမေလိုချင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားသွားကြမှာပါ။ အမေစိတ်ချပါ။

တကိုယ်ကောင်းစားရေးအတွက် မကြည့်ပဲ လူထုအတွက် မိမိတို့ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေအတွက် အမှန်တရားဘက်က အမြဲတမ်းရပ်တည်.. မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုသွားခဲ့တဲ့အမေ.. မိမိတို့ဆုတောင်းစရာတောင်မလိုအောင် ကောင်းရာသုဂတိလားမှာ သေချာပါတယ်..။

ဘယ်လိုဘဲဖြစ်ဖြစ် အမေရေ.. ရောက်လေရာဘ၀မှာ ကောင်းရာသုဂတိလားပါစေ အမေ..။

မှတ်ချက်။ ။ အလုပ်အရမ်းပိလို့ ဘလော့မှာ Post မတင်သေးဘူးလို့ ဆုံးဖြတ်ထားပေမယ့်.. အမေလူထုဒေါ်အမာအတွက် မိမိရဲ့အချိန်ကို မျှဝေဂုဏ်ပြုလိုက်ရလို့ အရမ်းကျေနပ်ဂုဏ်ယူမိပါတယ်။ အမေလူထုဒေါ်အမာအတွက် တကယ်ကို ၀မ်းနည်းကြေကွဲရပါတယ်။ အချိန်လုပြီး အမြန်ရေးရလို့ အမှားပါရင် နားလည်ပေးစေချင်ပါတယ်။

Read more...

မရိုးနိုင်သော ဆင်ခြေ.. ဆင်လက်.. ဆင်ကိုယ်များ....

မိတ်ဆွေကြီး ငယ်များရှင်.. အဲ.. ဗျာ...
မီးလျှံမှနေပြီး.. မရိုးနိုင်သော ဆင်ခြေများဖြင့် ယခုတဖန် ထပ်မံတောင်းပန်ပါဦးမည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်နီးပြီဖြစ်သောကြောင့် ရုံးပိတ်ရက်လည်း နီးလာပါပြီ။ သို့ပေမယ့် အလုပ်များမှာ သင်္ကြန်ရုံးပိတ်ရက်လို ရပ်နားခြင်း.. ပိတ်ခြင်းမရှိသောကြောင့် ယခုအချိန်အတွင်း လုပ်ရမည့် အလုပ်ကိစ္စများနှင့် ထိုရုံးပိတ်ရက်များတွင် လုပ်ရမည့်အလုပ်များ စုပေါင်း၍ စုပြုံလုပ်ဆောင်နေပါသဖြင့် မိမိ၏ သနားစရာကောင်းသော ဘလော့ကို အချိန်ပေးရန် တဖန်ပြန်၍ ခေတ္တရပ်ဆိုင်းထားပါသဖြင့် post အသစ်များကို စနေ၊ တနင်္ဂနွေရုံးပိတ်ချိန်တွင်ပင် မတင်နိုင်သေးပါ။ ထို့အတွက်ကြောင့် လာလည်သူ မိတ်ဆွေများအား အလွန်ပင် မျက်နှာပူလှပါသည်။ အဲ.. ဘလော့ပူလှပါသည်။ (မျက်နှာမတွေ့ ရဘူးဆိုတော့)။ အမှန်တကယ်.. မိုးကြိုးပစ်ချ (လွဲပါစေ) ကျိန်ရဲပါသည်။ မထင်မရှားလေး.. လူသိများလှတဲ့ (နှစ်ယောက်နှင့် တပိုင်း မိတ်ဆွေများ) မီးလျှံဘလော့သို့ အလည်လာသူများ လျော့နည်းသွားမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်မိပါသည်။ သို့သော် အခြေအနေအကြောင်းကြောင်းကြောင့် ဧကန်မုချ အမှန်တကယ်ပင် အချိန်မရသေးပါသဖြင့်၊ အိမ်မှာဆိုလျှင်လည်း မူးလို့ရှူစရာ ကွန်ပြူတာ အစုတ်မပြောနှင့် ကွန်နှင့်စသည့် ပစ္စည်းပင် မရှိပါသဖြင့်.. အလုပ်ချိန်အတွင်း post အသစ်အတွက် ခိုးပြီး အချိန်ပေးမည်ဆိုလျှင် မလုပ်မပြီးလျှင် မလွဲမသွေ သူခိုးမိမှာပဲဖြစ်သဖြင့်.. စသည့်စသည့် လက်တွေ့ ဆန်လှသည့် သက်သေအထောက်အထားများကြောင့် အလည်လာသူ မိတ်ဆွေများအနေဖြင့် မီးလျှံဘလော့အား နားလည်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါသည်။

မှတ်ချက်။ ။ မည်သည့်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အချိန်ရလျှင်တော့ အလည်တခေါက် အလည်လာသွားစေချင်ပါသည်။ (အမြဲတမ်း လာချောင်းလှည့်ပါရှင်.. ဗျာ)




လေးစားလျှက်
မီးလျှံ

Read more...

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP