ငယ်ငယ်တုန်းက အငွေ့ အသက်

>> Tuesday, March 4, 2008

အိမ်ရှေ့ ကွပ်ပျစ်တနေရာမှာ။

အေး.. ဟိုတုန်းက သပိတ်မှောက်တုန်းကဆိုရင် တောင်ပေါ်ခြံထဲ ပုန်းတဲ့သူက ပုန်း.. အင်း.. ငါ့သားကြီးဆို အဖေကိုထားခဲ့ပြီး ဟိုဘက်ခြမ်းပါသွားရော...။

စကားပြောသံက မတိုးမကျယ်လေးပါ.. တခုခုကို ထိန်းချုပ်ပြီး ပြောနေတဲ့လေသံ။ ဘာအကြောင်း.. ဘာမှန်းတော့ မိမိမသိပါ။ အဖိုးရယ်.. အဖွားရယ်.. နောက် သူတို့အပေါင်းအဖော် တယောက်နှစ်ယောက် စကားဝိုင်းလေးမှာ..။ မိမိမေးချင်ပါရဲ့.. သူတို့ပြောတဲ့အကြောင်းအရာတွေထဲမှာ မိမိနားမလည်တာတွေက များပါ့။ အရပ်စကားနဲ့ပြောရင်တော့ စပ်စုသူလေးပေါ့..။ ပညာတတ်စကားနဲ့ပြောရင်တော့ ငယ်ငယ်လေးကတည်းက မိမိသိချင်သောအရာဆို အချိန်မဆိုင်း စူးစမ်းလေ့ရှိသူပေါ့။ ဒါပေမယ့် ဒီလို လူကြီးတွေ စကားဝိုင်းမှာတော့ နည်းနည်း အကင်းပါးရတယ်.. အမေးမတတ်တော့ လူရှေ့ အငေါက်ခံရတတ်လို့လေ..

နည်းနည်းလေး နေစောင်းတော့ အဖိုးတို့ရဲ့ အပေါင်းအဖော်တွေ တယောက်စ တယောက် ပြန်သွားကြတယ်။ ချက်ချင်း
... ဘဘ.. သပိတ်မှောက်တယ်ဆိုတာ ဘာလဲဟင်...။



မိမိတို့အဖိုးကို အိမ်မှာ ဘဘဟု ခေါ်လေ့ရှိသည်။ မိဘများကတော့ အဘလို့ ခေါ်သည်။ မိမိအမေးကို အဖိုးက ချက်ချင်းမဖြေ။ ပြီးမှ..

ဟေ.. အေး.. သပိတ်မှောက်တယ်ဆိုတာ ဒီလိုဘဲ ဘုန်းကြီးသပိတ်ကို မှောက်လိုက်တာပေါ့... ။

ပြုံးစိစိနဲ့ အဖြေပေးသည်။ ၇ နှစ် ၈ နှစ်အရွယ်သာသာ ကလေးဆိုပြီး ပြီးစလွယ်ဖြေပုံရတယ်။ မိမိလည်း သိပ်ပြီးမယုံလှပေမယ့် ပြီးစလွယ်ဘဲ အဲဒီအဖြေကို ယူလိုက်ပါတယ်..။

မိမိတို့ကျောင်းက ၄ တန်းအဆောင်ဘက်တနေရာ။

ဟေ့. သီတာ.. သီတာ..။ တိုးတိုးကျိတ်ကျိတ်လေး သူငယ်ချင်းကို လက်တို့ပြီးခေါ်လိုက်သည်။

ဟမ်.. ဘာလဲ..။ သူမကတော့ မိမိ၏ တိုးလျသော ခေါ်သံကြောင့် အနည်းငယ် စိတ်ဝင်စားသံနှင့် ပြန်ထူးသည်။

နင့်ကိုငါ ပြောပြစရာရှိတယ်.. လာခဲ့...။
နေ့လည်စာစားပြီး အခန်းထဲတွင် သူမရယ်. မိမိရယ်နှင့် အခြား သူငယ်ချင်း ၃ ၄ ယောက်ရှိနေသည့်ထဲမှ သူမကို အခန်းပြင်သို့ ခေါ်ထုတ်နေခြင်းဖြစ်သည်။ နေ့လည်ကျောင်းဆင်းချိန်ပြီးနောက် တချို့ က အိမ်ပြန်ထမင်းစားကြသည်.. မိမိအပါအ၀င် အချို့  သူငယ်ချင်းများက အိမ်နှင့်ကျောင်း ဝေးသောကြောင့် ထမင်းချိုင့်သယ်၍ အခန်းတွင်သာ စားကြသည်။ တချို့ က မုန့်ဝယ်စားကြသည်။

အခန်းပြင်သို့ရောက်ရောက်ချင်း.. သူမက သိချင်လိုဇောဖြင့်...
ဘာဖြစ်လို့လဲ.. ။ မိမိအသံဖြင့် ထပ်တူ တိုးတိုးကျိတ်ကျိတ်လေး ပြန်မေးသည်..။ သူမလည်း သိပ်အကင်းပါသူလေးပါဘဲ။
နင်.. ခမောက်နဲ့ စပါးနှံနဲ့ ဘာကြိုက်လဲ...။ မဆိုင်းမတွ သူမကို မေးလိုက်သည်။ သူမမျက်နှာတွင် နားမလည်မှုမျိုးစုံ အပိုင်ဝယ်ထားသည့်အတိုင်း မိမိကို ကြောာင်အမ်းအမ်းအကြည့်ဖြင့် မေးခွန်းထုတ်သည်။

ဘာကြီးလဲ... ဘာဖြစ်လို့လဲ....

ခမောက်က ဆင်းရဲသားတွေအတွက်.. ခမောက်ကိုကြိုက်တဲ့သူက စိတ်ကောင်းတယ်။ စပါးနှံက သဌေးတွေအတွက်.. မာနကြီးနဲ့သူတွေအတွက်။ သူတို့က စိတ်မကောင်းဘူး။ မကောင်းတာတွေလုပ်တယ်။ အဲဒီထဲမှာ နင်ဘာကြိုက်လဲ.....

ဘာကြောင့်ရယ်မှန်းမသိ.. မိမိလည်း ဟိုကြည့်ဒီကြည့် သူများတွေ ကြားသွားရင် လျှို့  ၀ှက်ချက်ပေါ်တော့မည့်သယောင် လေသံဖြင့် သူမကို စိတ်လိုလက်ရ ရှင်းပြနေသည်။ မိမိ၏ စကားအဆုံးတွင်..

ဒါဆို ငါ ခမောက်ပဲကြိုက်တာပေါ့.....

သူမ၏ အဖြေအပြီး မိမိ၏ အကြိုက်နှင့် ထပ်တူညီမှုကြောင့် ၀မ်းသာလှိုက်လှဲသည့် အသံဖြင့်သူမကို အားပေးလိုက်သည်။

အေး.. ငါလည်း ခမောက်ပဲ။ ကောင်းတယ်နော်... စပါးနှံက ကောင်းမှမကောင်းတာ။ လာ.. အခန်းထဲပြန်ဝင်တော့မယ်...။

မိမိ၏ လုပ်ရပ်သည် တကယ်ဆို ဘယ်လိုမှ အဆီအငေါ်မတည့်.. အဓိပာယ်လည်း မရှိသယောင်ပါ။ ဒါပေမယ့် ကလေးသာသာ သူမနဲ့ မိမိ.. ဘယ်လိုအပေးအယူတည့်ပြီး ဘယ်လို နားလည်သွားကြသလဲ အခုချိန်ထိ စဉ်းစားလို့မရတော့ပါ။

အသက် ၁၃ နှစ်အရွယ်....။ အဒေါ်အိမ်နားအရောက် သူတို့ဆီက ရေဒီယိုအသံလွှင့်သံကို အာရုံစိုက်မိသည်။ (မြန်မာ့အသံမှာ အတိအကျ ဘယ်လိုသတင်းဖတ်ပြသွားလဲတော့ ယခုအချိန်မှာ မမှတ်မိတော့ပါ။)

ဟား.. တော်တော်ယုတ်မာတဲ့ သူပဲ။ ကိုယ့်နိုင်ငံကိုများ ဘာဖြစ်လို့ နိုင်ငံခြားကို ရောင်းစားဖို့ ကြံစည်ရတာလဲ...

မိမိ၏ ကလေးအတွေးမျှသာ။ အဲဒီအချိန်မှာ အဲဒီလိုအတွေးလည်း ဖြစ်ပေါ်လာနိုင်တာပဲ။ ဘာကြောင့်လဲဆို ဂျပန်ဇာတ်လမ်းတွဲစောင့်ကြည့်ချိန်တိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းအပြီးကို စောင့်ရတယ်ဆိုတော့ သတင်းမှာ နအဖကြီးတွေရဲ့ ကောင်းမှုကုသိုလ် ဘာဝနာပွားများပုံတွေပဲ တွေ့ ရတာကိုး...

ဒါတွေက မိမိရဲ့ ကလေးဘ၀ အတွေ့ အကြုံတစိတ်တပိုင်းလေးပါ... မိမိနည်းတူ အခြားသူများမှာလည်း သူတို့ရဲ့ ငယ်ဘ၀ အတွေ့ အကြုံလေးတွေ အများကြီးရှိမှာပါ...

နိုင်ငံရေးဆိုတာ အရမ်းကျယ်ပြန့်လွန်းပါတယ်..။ ရှုပ်လည်း ရှုပ်ထွေးပါတယ်...။ အဲဒီအပေါ်မှာ ကလေးငယ်တွေအနေနဲ့ ရှည်ရှည်ဝေးဝေး ဘာမှ စဉ်းစားမိကြမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် သူများနိုင်ငံမှာ ကလေးငယ်တွေ အမှန်တရားကို စူးစမ်းလေ့လာဖို့ အခွင့်အလမ်းတွေ ပေးနေတဲ့အချိန်မှာ.. မိမိတို့နိုင်ငံမှာတော့ ကလေးတွေဟာ ရှိနေတဲ့ ထင်ထင်ရှားရှား အမှန်တရားတွေကို သိဖို့တောင် အခွင်းအလမ်း ကင်းမဲ့နေကြတယ်.. ဒါဟာ အစိုးရနဲ့သက်ဆိုင်သလို သက်ဆိုင်ရာ မိဘဆွေမျိုးတွေမှာလည်း တာဝန်မကင်းဘူးလို့ထင်ပါတယ်... ဒါပေမယ့် မိမိတို့အနေနဲ့တော့ ကလေးဘ၀ကို လွန်သွားခဲ့ပါပြီ..

ကလေးဘ၀ကို ပြန်မရောက်တော့ပေမယ့် အခုချိန်ကျမှ အဖိုးအဖွား.. မိဘတွေကို နည်းနည်းတော့ စိတ်တိုမိတယ်.. ဘာဖြစ်လို့ ငါ့ကို အမှန်အတိုင်း မပြောပြတာလဲလို့.... နောက်ပြီး.. ငယ်ငယ်တုန်းက နအဖကြီးတွေအပေါ် အထင်ကြီးခဲ့တဲ့ (ဘုရားသွား.. တံတားဆောက်ကို ကြည့်ပြီး) မိမိရဲ့ ကလေးဘ၀ ဖြူစင်တဲ့စိတ်ကိုလည်း အရမ်းနှမြောမိတယ်...

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP