လက်တွဲဖော်...

>> Wednesday, March 26, 2008




ဘာ.. မင်းဘာပြောလိုက်လဲ မွန်းငုံ......
ရုတ်တရက် ကျွန်တော့်ကိုယ်ကျွန်တော်ပင် မယုံနိုင်။ သူ့ အတွက် ဒေါသတွေ အထွပ်အထိတ်ရောက်ရသည်။ အမြဲတမ်း သူ့ အတွက်ဆို သည်းခံခဲ့သမျှ.. အခုတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ချည်းမလှ ပျောက်သွားသည်။
ဒါပေမယ့် သူမကတော့ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပင်။ သူရဲ့စိတ်ကို အရင်အတိုင်း အောက်မေ့ထားသည်ထင်သည်။

ဟင်း..ဟင်း.. ဟင်း.. ဘယ်လိုဖြစ်ရတာလဲ အခွန်းရယ်.. ငုံကို စိတ်မတိုစဖူး ဘယ်လိုဖြစ်တုန်း... ငုံပြောတာ ဘာများ မှားလို့လဲ...။... ငုံ အခွန်းကို နားလည်ပါတယ်.. ဒါပေ...

ဒုန်း......... အာ.. မင်းတော်တော့ကွာ.....။ ကျွန်တော် စိတ်မထိန်းနိုင်စွာ ရှေ့ မှာရှိတဲ့ ထိုင်ခုံလေးကို အားရပါးရ ကန်ပစ်လိုက်သည်။

အောင်မလေး..... ။ သူမ ကျွန်တော်၏ ထူးခြားသော အပြုအမူတွေကို အလွန်အံ့သြ လန့်ဖျပ်သွားသည်ထင်သည်။

အခွန်း.... အခွန်း....။
သူမ၏ခေါ်သံက အနောက်မှာ ဝေးသထက် ဝေးသွားသည်။ ကျွန်တော် ဒီ့ထက် ဒေါသထွက်လာရင် သူမအတွက်လည်း ကောင်းမည်မဟုတ်။ ကျွန်တော်လည်း ဒေါသပြေတဲ့အချိန် ပြန်စဉ်းစားရင် စိတ်ကောင်းနိုင်မည်မထင်ပါ။ ဒါ့ကြောင့် သူမအပါးမှ ဒေါသနှင့်အတူ အမြန်ဆုံး ထွက်လာလိုက်သည်။





အခွန်းရယ်.. အခွန်းလဲ သူများတွေပြောရလောက်အောင် ကဗျာရူးပဲ တချိန်လုံးလုပ်မနေနဲ့ပေါ့... ငုံတို့ရှေ့  ရေးအတွက် နည်းနည်းပါးပါး စဉ်းစားပါဦး..... ကဗျာရူးပဲ တချိန်လုံး လုပ်မနေနဲ့... စဉ်းစားပါဦး.. စဉ်းစားပါဦး...။ သူမရဲ့ စကားလုံးတွေက မကြားချင်ဘူးဆို ကျွန်တော့်ခြေလှမ်းနဲ့တူ ထပ်ချပ်မကွာ ကစဥ့်ကလျား လိုက်လာသည်။

အား... မကြားပါရစေနဲ့တော့ကွာ.....။ ရူးသွပ်သူပမာ စိတ်ထဲမှာ အော်လိုက်တာ အပြင်မှာ အသံထွက်သွားမှန်း တောင် မသိလိုက်။ လမ်းဘေးမှ ဖြတ်လျှောက်သွားသူအချို့ က .. ဘာဖြစ်တာပါလိမ့်.. ရူးနေလား.. ဆိုသည့် မျက်နှာမျိုးဖြင့် မသိမသာ ကြည့်သွားကြသည်။

သူတို့တွေ ဘာထင်ထင်ပေါ့..။ ကျွန်တော် ဂရုမစိုက်ပါဘူး...။ ကျွန်တော်အလွန်ချစ်တဲ့ ကဗျာကို လွတ်လွတ်လပ်လပ် ရူးသွပ်မိတာကို ငွေသာအဓိကထားတဲ့ ကျွန်တော်တို့နိုင်ငံက လူတွေ (ကိုယ့်နိုင်ငံ တနိုင်ငံတည်း မဟုတ်လောက်ပါဘူး။ ငွေဟာ ကမ္ဘာတ၀ှမ်းလုံးကို ခြိမ်းခြောက်နေတာဘဲ) အတွက်တော့ မျက်စိကန့်လန့်ဖြစ်စရာ.. စောင်းမြောင်းအပြစ်တင်စရာဖြစ်နေတာ မဆန်းပါဘူး။ ဒီလိုပဲ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ကိစ္စကိုယ်မလုပ်တဲ့သူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များပါ့ဗျာ။ ဒါကို ကျွန်တော့်ခေါင်းထဲမှာ အရိပ်အဖြစ်တောင် မထည့်ထားပါဘူး။

ဒါပေမယ့် ငုံ့ကိုလည်း ကျွန်တော့်ကဗျာနဲ့ထပ်တူ အရမ်းချစ်တယ်။ ပတ်ဝန်းကျင်က ဘာတွေဘယ်လောက်ပြော ပြော ငုံက ကျွန်တော့်ကို နားလည်သင့်တာပေါ့။ ငုံကိုယ်တိုင်က အဲဒီလိုပြောလာလိမ့်မယ်လို့ တခါမှ တွေးမ ထားခဲ့ဘူး။

ကျွန်တော့်ဘ၀မှာ ငွေရှင်ကြေးရှင် သားသမီးတွေလို သူတို့ရဲ့ရည်းစားကို ကားထည်လဲစီးပြီးခေါ်.. ဈေးအကြီးဆုံး ဆိုင်တွေမှာ ချိန်း.. မက်လုံးတွေပေး (သူများတွေကို မတရားတော့ မစွပ်စွဲချင်ပါဘူး).. ဈေးအကြီးဆုံး လက်ဆောင်တွေနဲ့ ဖျားယောင်း.. စတဲ့စတဲ့ ခေတ်ပေါ်အမျိုးသမီးတွေ စိတ်ဝင်စားစရာဖြစ်အောင် ဘာမှ မလုပ်ဆောင်နိုင်.. လုပ်ဆောင်ဖို့လည်း ၀ါသနာမပါ.. အရေးကြီးဆုံးက အဲဒါတွေအတွက် ကုန်ကျစရာမပြောနဲ့ ကျွန်တော့်ကျောင်းစရိတ်တောင် အနိုင်နိုင် ရုန်းကန်နေရတဲ့အထဲမှာ အဓိပာယ်မရှိ ငွေကို မသုံးမဖြုန်းနိုင်ပါဘူး။

ဒါပေမယ့် ကျွန်တော့်ရင်ထဲက နူးညံ့တဲ့နှလုံးသားက စိမ့်ထွက်လာတဲ့ ချစ်ခြင်းဖွဲ့ ကဗျာတွေ.. ကြင်နာမှုအပြည့်အ၀ပါတဲ့ နွေးထွေးမှုတွေ.. ကြင်နာဂရုစိုက်မှုတွေ.. သူ့ ကို အပြည့်အ၀ နားလည်ပေးမှုတွေ.. နောက်ဆုံး အရောင်မဆိုး ဖြူစင်လွန်းတဲ့ ကျွန်တော့်နှလုံးသားတခုလုံးပုံအပ်ပြီး ချစ်ခဲ့တာပါ။ ဒါကို သူမလည်း နားလည်မှာပါ။

မွန်းငုံ... ငုံအရမ်းရက်စက်တယ်ကွာ....။ မင်းရဲ့စိတ်မှာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ ဘယ်အချိန်က စိမ့်ဝင်သွားခဲ့တာလဲ. .. ဟင်..။ ဒါပေမယ့်... သေချာတယ်..။ မင်းအဲလိုဖြစ်ရုံနဲ့ မင်းကို လက်တွဲဖြုတ်တဲ့အထိ ငါ့အချစ်က မဆင်းရဲ မနွမ်းပါးသေးပါဘူး....။

ကျွန်တော့်ဦးနှောက်မှာ အရာရာ ရှုပ်ထွေးနေတဲ့ကြားမှာပဲ.. ငုံ့ကို ပြန်သနားမိသည်။ ချစ်သူသက်တမ်း ၃ နှစ်လောက်အချိန်.. ယခုအချိန်မတိုင်သေးခင်အထိ သူမဟာ ကျွန်တော့်ကို နားလည်မှုအပြည့်ဖြင့် ချစ်ခဲ့တာ ကျွန်တော်လည်းသိသည်။ ကျွန်တော့်ကို နာကျင်အောင်လုပ်ဖူးတာ ဒီတခါ ပထမဆုံးဖြစ်သလို ကျွန်တော်လည်း သူမကို ဒေါသတကြီး တုန့်ပြန်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ။

ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုတ်ချသမျှ သူမဟာ ကျွန်တော့်ဘက်ရပ်တည်ပြီး အရာအားလုံးကို လျစ်လျူရှု နေလာခဲ့.. ကျွန်တော့်ကို အချိန်တိုင်း အားပေးခဲ့တဲ့ အချစ်ရဆုံးသူပါ။ ပတ်ဝန်းကျင်က ကျွန်တော့်ကို ပျော့စိပျော့စိနဲ့ မိန်းမယူရင် မိန်းမထမိန်နား ခိုစားမယ့်ရုပ်.. ဆိုတဲ့အထိ ကဲ့ရဲ့ဝေဖန်တာကို ဆတ်ဆတ်ထိမခံ.. ရန်ပြန်တွေ့  ခဲ့တဲ့အထိ သူမဟာ ကျွန်တော့်အတွက် ရဲဝံ့သူပါ။ ကြာလာတော့လည်း သူ့ ဘက်အတွက် အားမလိုအားမရဖြစ်မိပြီး ပြောမိတာလည်း ဖြစ်နိုင်ပါချေရှိသည်။

ကျွန်တော် တဖြည်းဖြည်းနဲ့ သူမအပေါ် ဒေါသတွေ ပျောက်သွားရသည်။ သူမအတွက် ကျွန်တော့်ရဲ့အချစ်ဟာလည်း အဲဒီလိုဘဲ အမြဲတမ်း ရှင်သန်နေတတ်ပါသည်။ အင်းလေ..။ ကျွန်တော်တို့နှစ်ယောက် တည်ဆောက်ထားတဲ့ သံယောဇဉ်ဟာလည်း လွယ်လွယ်လေးပြတ်နိုင်လောက်အောင် မဆွေးမြေ့သေးပါဘူး။

အင်း.. ယခုအချိန်လောက်ဆို ငုံဘယ်လောက်တောင် အားငယ်နေမလဲ...။ စိုးရိမ်စိတ်နဲ့အတူ.. ကျွန်တော့်ခြေလှမ်းများက နောက်ပြန်လှည့်ကာ ငုံရှိရာသို့ အပြေးလွှား သွားမိသည်။

ငုံက ခုနက ထိုင်နေတဲ့နေရာမှာမဟုတ်တော့...။ ကျွန်တော်တို့ခုနကထိုင်ခဲ့တဲ့ ပန်းခြံထဲက သစ်ပင်အောက်တ၀ိုက် ငုံ့ ကို ကျွန်တော်လှည့်ပတ်ရှာမိသည်။ တကယ်တော့ သစ်ပစ်က အဲလောက်လှည့်ပတ်ရအောင် ကြီးကြီးမားမားကြီး မဟုတ်ပါ။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ ငုံ့ ကို အစိုးရိမ်လွန်၍ဖြစ်မယ်.. အရာအားလုံးကို ငုံ့ ကို ဖုံးကွယ်ထားသယောင် ထင်မြင်မိသည်။

ဟင့်.. ဟင့်.. ဟင့်...။ သစ်ပင်လေးနဲ့မနီးမဝေး.. ဟိုးဘက် ကန်ရေပြင်ဘက်မှာ.. သူမ ကျုံ့ ကျုံ့ လေးထိုင်ကာ.. ငိုနေသည်။

ငုံ... ။
.......။
ငုံရယ်.... ကိုယ့်ကိုခွင့်လွတ်ပါကွာ.... ။
......။
ကိုယ်လေ.. ရုတ်တရက်မို့ အရမ်းစိတ်တို...။ ကျွန်တော့်စကား မဆုံးလိုက်ပါ။

ဒီမှာ.. အခွန်း... ငုံ အခွန်းကို ချစ်တယ်.. အခွန်းကို နားလည်ပေးတယ်.. အခွန်းသဘောကို အမြဲတမ်းလိုက်လျောတယ်.. အခွန်စိတ်တိုင်းကျ ငုံနေပေးခဲ့တယ်.... သူများတွေ အခွန်းကိုပြောရင် ငုံရင်နာခဲ့ရတယ်.. နားလည်မှုရှိတဲ့ချစ်သူလို့ အခွန်းအဓိပာယ်ဖွင့်ဆိုတာ ဘာလဲ.. ငုံ့ဘက်ကို အခွန်းပြန်နားလည်ပေးခဲ့တာ ဘာတွေများရှိခဲ့လဲ.. ငုံ့ဘာတွေခံစားနေရလဲ.. ငုံ့ရဲ့စိတ်ဆနကို အခွန်း ဘယ်တုန်းက နားလည်ပေးခဲ့ဖူးလဲ....။

များပြားလွန်းလှတဲ့ သူမမေးခွန်းတွေအတွက် ကျွန်တော့်မှာ အဖြေမရှိပါ...။
ဒါပေမယ့် အခုမှ ကျွန်တော်နားလည်လိုက်တာက အတ္တ...။ ဟုတ်တယ်... ကျွန်တော် သူ့ အပေါ်မှာ အရမ်းအတ္တကြီးခဲ့တယ်..။ ကျွန်တော့်လိုအပ်ချက်.. ကျွန်တော့်ဆနတွေအတွက် အတ္တတွေကြီးခဲ့တယ်..။ နောက်.. အဓိက ကျွန်တော့်အနုပညာအတွက် ကျွန်တော့်မှာ မာန.. အတ္တတွေ အပြည့်။
အငုံဟာ အဲဒီအချက်တွေနဲ့ ကျွန်တော့်ကို နာကျင်သွားမှာ ကျွန်တော် ချက်ချင်း စိုးရိမ်သွားမိတယ်....။

အငုံ... ။ ကိုယ်မှားတယ်ကွာ...။ ကိုယ်ဆိုလိုတာ...

ကျွန်တော့်စကားမဆုံးခင် ချက်ချင်းထရပ်ကာ ကျွန်တော့ကို တွန်းဖယ်လိုက်သည့် ငုံ့ကို ကျွန်တော်ကတခါ ပြန်ပြီး အံ့အားသင့်ရသည်။

ငုံ....။

ငုံဆုံးဖြတ်ပြီးပြီ...။ သူမစကားအပြီး.. ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ကျွန်တော်ရင်ထဲမှာ တခုခု ဖြတ်သွားသလို လစ်ဟာသွားသည်။

ငုံ.. ငုံဘာဆုံးဖြတ်တာလဲ...။ စိတ်လိုက်မာန်ပါနဲ့ မဖြစ်နိုင်တွေ မဆုံးဖြတ်ပါနဲ့ငုံရာ...။ ကျွန်တော် ကယောင်ကတမ်း ပြောမိသည်။
သူမရဲ့မျက်နှာဟာ ခုနတုန်းကလို ၀မ်းနည်းကြေကွဲရိပ်တွေ ပျောက်လွင့်ကာ မာနအရောင်များလွှမ်းသွားသည်။ ကျွန်တော် အလိုလို အားငယ်လာသည်။ အမြဲတမ်းအားပေးခဲ့ဖူးသည့်ချစ်သူ.. အခုတော့ ကျွန်တော့်ရဲ့ ဂရုမပြုမိတဲ့ လုပ်ရပ်ကြောင့် ကျွန်တော့်အပါးကနေ သူများနည်းတူ ရှောင်ဖယ်သွားတော့မှာလား.....။

အခွန်း.. ရှင့်မျှော်လင့်ချက်ထဲကချစ်သူဟာ ရှင့်ကို အနားလည်ဆုံးဖြစ်ရမယ့်သူ ဖြစ်သလို... ကျွန်မဘ၀အတွက် ရည်ရွယ်ထားတဲ့ချစ်သူ.. ဘ၀လက်တွဲဖော်ဟာလည်း ကျွန်မကို နားလည်ပေးရမယ့်သူ ဖြစ်ရမယ်...။ နားလည်မှုဆိုတာ နှစ်ဦးနှစ်ဖက် တည်ဆောက်ထားတဲ့ နားလည်မှုမှ စစ်မှန်တာပါ။ တဖက်သတ် သူများဆီကဘဲ နားလည်မှုကို အမြဲတမ်းမျှော်လင့်နေမယ်ဆိုရင် တကယ့်အတ္တသမားကြီး ဖြစ်နေမှာပဲ..။ ငုံ ရှင့်ကိုချစ်ပါတယ်...။ ချစ်သူအဖြစ်သာ ဆက်သွားမယ်ဆိုရင် ဒီလိုဘဲ ငုံ့ဘက်က တဖက်သက်နားလည်မှုနဲ့ ရှင့်ကို ချစ်သွားနိုင်တယ်..။ ဒါပေမယ့် ရေရှည်ဘ၀လက်တွဲဖော်အဖြစ် ရှင့်ကို ဘယ်လိုမှ သတ်မှတ်မှာမဟုတ်ဘူး..။

သူမမျက်လုံးများက ကျွန်တော့်ကို ကြည့်မနေပါ..။ ရီဝေမှုန်မှိုင်းနေသော သူများမျက်ဝန်းများကိုကြည့်ပြီး.. ကျွန်တော်နောင်တရမိသည်။

ရှင်စဉ်းစားပါ...။ ဒီနေ့ဟာ.. ရှင့်အတွက် ကျမရဲ့ အပြုအမူကြောင့် ထူးဆန်းမယ့်နေ့ ဖြစ်နိုင်သလို ကျမအတွက်လည်း မယုံကြည်ထားခဲ့တဲ့ မမျှော်လင့်ခဲ့တဲ့ ရှင့်ရဲ့ အတ္တတွေ သရုပ်ပေါ်လာတာကြောင့် နောင်တရတဲ့ နေ့ပါပဲ..။

ချစ်သူနှစ်ဦး တယောက်နဲ့တယောက် အပြန်အလှန်နားလည်မယ့်နေ့ကို ငုံမျှော်လင့်ပါတယ်...။ ပြောရင်း သူမ လှည့်ထွက်သွားသည်။

ငုံ....။ ကျွန်တော့်အသံက ကျယ်မယောင်နဲ့ အာခေါင်မှာဘဲ ပျောက်သွားသည်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဟန့်တားတော့မယ့် အမူအရာကြောင့်..

ကျေးဇူးပြုပြီး ငုံပြန်ပါရစေ.... ဒီနေ့တော့ ဆက်ပြီး စကားမပြောပါရစေနဲ့တော့.. ငုံတောင်းပန်ပါတယ်..။

သူမထွက်သွားသည်။ ကျွန်တော် သူမရဲ့ နောက်ကျောကိုငေးရင်း... ၀မ်းနည်းသွားသလို ရင်ထဲမှာ အားအင်တခု ထပ်တိုးလာသလို ခံစားရသည်။ ဟုတ်သည်။ သူမက ကျွန်တော့်ကို မုန်းမှမမုန်းတာ...။ ကျွန်တော်တို့ဇာတ်လမ်းက မပြီးဆုံးသေးပါ...။

မနက်ဖြန်.. သူမကို အတန်းတက်ဖို့ သွားခေါ်နေကျအချိန်မှာ.. ယခင်ကနဲ့မတူသော ကျွန်တော့်ရဲ့ သူမအပေါ် နားလည်မှုအပြည့်ရှိတဲ့ အချစ်တွေနဲ့အတူ.. သူမရဲ့ ခြံတံခါးရှေ့ မှာ.. အချိန်မှန် အရောက်သွားဦးမည်။ အဲဒီအချိန် သူမလည်း ရှေ့ အနာဂတ်အတွက် ပျော်ရွင်မှုတွေကို ကြိုတင် အိမ်မက်မက်နိုင်သလို ကျွန်တော်လည်း အခက်အခဲများစွာ.. ပတ်ဝန်းကျင်ကဲ့ရဲ့မှုဒဏ်တွေကို သူမနဲ့အတူ စိတ်ချမ်းမြေ့မှုများစွာဖြင့် ရင်ဆိုင်ဖြတ်ကျော်ဖို့ အားအင်တွေ တိုးလာပါဦးမည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ကဗျာဆန်လှသည့် အချစ်မှာ တခုလေး လစ်လှစ်နေသည့် နားလည်မှုကို ဒီနေ့ဘဲ တည်ဆောက်သွားနိုင်ခဲ့ပြီလေ...။

ငုံရေ.. မင်း ကိုယ့်အတွက် အတိုက်အခိုက်များစွာကို ရင်ဆိုင်ခဲ့သလို.. မင်းရဲ့ နာကျင်ခံစားမှုတွေကို ကိုယ် အတက်နိုင်ဆုံး နားလည်ပြီး ဖေးမကူညီသွားတော့မယ်...။

(မှတ်ချက်... လိုအပ်ချက်များ အများကြီး ရှိနိုင်ပါသည်.. အချိန်လုပြီး post အသစ်တင်ချင်လွန်းလို့ လူတွေအရိပ်အခြေကြည့်ပြီး ခိုးပြီး အမြန်ရေးလိုက်ရလို့ပါ.. သည်းခံပြီး ခံစားပေးပါလို့..)

1 comments:

လင်းလက်ကြယ်စင် March 28, 2008 at 7:34 AM  

အရေးအသားနဲ့အဖြစ်အပျက်လေးက စိတ်ကိုစွဲဆောင်မှုဖြစ်စေတယ်။ တကယ်လက်တွေ့ဘ၀မှာ အနုပညာတွေနဲ့ပတ်သတ်တိုင်း ဘယ်သူမဆို ဒီလိုသတ်မှတ်တာ သူတို့ဘက်ကကြည့်ရင်လည်း အပြစ်ဆိုစရာတော့မရှိပါဘူး။ ပန်းတိုင်ကိုမရောက်မချင်းတော့ နားလည်မှုနဲ့ကြိုးစားမှုတွေက မိတ်ဆွေကောင်းအဖြစ်ရပ်တည်မှ ဆက်လျှောက်နိုင်ကြတာများပါတယ်။ စာပေနှင့်ပတ်သတ် အားပေးနေလျက်ပါ :)

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP