ကျမ

>> Friday, March 28, 2008



ကဲ.. ဒီစာမှာတော့ ကျမကိုယ်ကျမ .. ကျမလို့ သုံးပါရစေ..။ တခါတလေ စာလေးဘာလေး ရေးဖူးပါတယ်.. ၀ါသနာအလျောက်ပေါ့။ ဒါပေမယ့် ကျမဆိုတဲ့ နာမ်စားကို ဘယ်တော့မှ မသုံးချင်ခဲ့ဘူး။ ဘာလို့လဲဆို စာဖတ်သူရဲ့စိတ်ထဲမှာ စာရေးသူဟာ မည်သူမည်ဝါထက် စာရဲ့အကြောင်းအရာကို ပိုပြီးအာရုံစိုစေချင်တဲ့ ရည်ရွယ်ချက် ရိုးရိုးလေးကြောင့်ပါ။

ဘာကြောင့်မသုံးချင်တာလဲ မမေးဘဲနဲ့ ပြောပြပါရစေ။ ကျမလို့သုံးလိုက်ရခြင်းအားဖြင့် ကျမဟာ အားနွဲ့ သွားတဲ့လူတယောက်လို ခံစားရတယ်။ ကျမအနေနဲ့ စာဖတ်သူတွေကို နှလုံးသားအာဟာရပြည့်စေမယ့် အားမာန်ရှိတဲ့စာတွေဘဲ ရရှိစေချင်ပါတယ်။ ဒါဟာလည်း အတ္တတခုဘဲထင်ပါတယ်။ ကျမက ဆရာဖေမြင့်တို့.. ဆရာလူထုစိန်ဝင်းတို့ရေးတဲ့စာတွေကို အကြိုက်ဆုံးဖြစ်သလို အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးဆောင်းပါးတွေကို ဘယ်သူရေးရေး စိတ်ဝင်တစား ဖတ်တတ်တဲ့ အကျင့်ရှိတာကိုး။ နောက်.. ကျမကိုယ်တိုင် မိမိ personal ကို အဓိကထားပြီး ရေးတဲ့စာတွေကို စိတ်ဓာတ်အားဖြည့်စေတဲ့စာအဖြစ် ဖတ်လေ့မရှိဘူး။ ဒါပေမယ့် ဒီတခါတော့ ကျမကိုယ်ကျမ ရေးနေမိပြီ။ (တခါတလေ ကိုယ်မကြိုက်ဘူးလို့ ပြောတဲ့အရာကိုလည်း ကိုယ်တိုင် လုပ်မိတတ်တာလေးတော့ ရှိတာပေါ့.. သည်းခံပါနော်)။

အဲလိုပြောလို့ ကျမလို့ပြောတိုင်း အားနွဲ့ တယ်လို့ထင်လား.. လူကိုယ်တိုင်နဲ့ပဲဆိုင်တယ်လို့ ပြောချင်ပြောနိုင်ကြမှာပါ။ အဲဒါက သူများတွေအမြင်လေ..။





ကျမက ယဉ်ကျေးမှုရိုးရာဓလေ့ဆို ဟိုးငယ်ငယ်လေးကတည်းက အရမ်းလေးစားလိုက်နာချင်ခဲ့တာ။ စာပေဆိုတာကိုလည်း ကိုယ့်မိဘထက်ပိုပြီး လေးစားခဲ့တာ (ဒီစာကို မေမေ မဖတ်မိပါစေနဲ့)။ စာပေဆီကနေ အများကြီးလေ့လာသင်ယူခဲ့တာ အများကြီးပါ။ စာပေက လူတွေရဲ့စိတ်ကို ယဉ်ကျေးသိမ်မွေ့ စေပြီး အသိပညာတွေပေးတယ်ဆိုတာ ကျမရဲ့ ယုံကြည်ချက်တခုပါ။ ကျမယုံကြည်တဲ့ စာပေထဲမှာ ယခုအချိန်ထိ လေ့လာရသလောက်တော့ မိန်းမကောင်းဆိုတဲ့ ကျင့်ဝတ် စံတန်ဖိုး သတ်မှတ်ချက်တွေထဲမှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား သဘောင်ဆောင်လှတဲ့ အချက်တွေ မတွေ့ ဖူးသလောက်ပဲ။ အင်း.. ဟိုး ၉ တန်းလား ၈ တန်းလား.. မေ့နေပါပြီ.. (အလွတ်ကျက် ပညာရေးနဲ့ ရင်းနှီးခဲ့တော့) အဲဒီတုန်းက မြန်မာစာမှာ သင်ဖူးပါတယ်.. မဟော်သဓာရဲ့မိန်းမ အမယ်ရာဓေ၀ီ ဘယ်လောက်ဥာဏ်ထက်မြက်တဲ့အကြောင်း.. (ဒါတောင် မေ့နေပြီ.. သူများကိုမနည်းလှမ်းမေးရတယ်) နောက်.. မဒီ၊ သမ္ဘူလ.. စတဲ့ သမိုင်းဝင် အမျိုးသမီးကောင်းတွေရဲ့ ဂုဏ်အင်တွေ.. ကြားဖူးပါတယ်။ ဒါပေမယ့် သူတို့တွေကို ဘယ်လောက်ဘဲ စာဖွဲ့ ချီးမွမ်းထားပါစေ.. သူတို့ရဲ့ ကြင်ယာဖက်တွေနဲ့ ယှဉ်လိုက်ရင်.. အမြဲတမ်း အနောက်မှာပဲလေ..။

အဲဒီတော့ ကျမက စာပေတွေကနေ သင်ယူလိုက်ရတာက မိန်းကလေးဆိုတာ အားနွဲ့ တယ်.. ယဉ်ကျေးသိမ်မွေ့ ရမယ်.. နူးညံ့ပျော့ပြောင်းရမယ် (ဘာလဲတော့မသိဘူး).. တခုခုလုပ်တိုင်း ညင်သာနေရမယ်.. အသံလေးကိုက နားဝင်ပီယံ ချိုသာနွဲ့နှောင်းနေရမယ်.. အနေအထိုင် အပြောအဆို.. ဘာညာ.. စုံလုံ..။ အင်း.. နောက်တခုကျန်ခဲ့တယ်.. အရေးကြီးဆုံး။ အဲဒါက .. ကျမ..။ ကျမဆိုတဲ့ နာမ်စား။ အဲဒါတွေအားလုံးကို ကိုယ်စားပြုတဲ့ ဖော်ညွန်းထားတဲ့ အမျိုးသမီး.. အဲဒီအမျိုးသမီးကို ကိုယ်စားပြုခေါ်ဝေါ်စေတဲ့ .. ကျမဆိုတဲ့ နာမ်စား။

ဖော်ပြတဲ့အချက်တွေ.. အရည်အချင်းတွေ ကျမမှာ မရှိဘူးရှင့်။ (ရှင့်.. ဆိုတာကြီးကို တခါမှ မသုံးဖူးပါ.. ဒါပထမဆုံးအကြိမ်ပါ)။ ကျမမှာ ကဗျာဆန်စရာလေးဆိုလို့ လက်ကလေးတွေတောင် မရှိပါဘူး။ ကြည့်လိုက်ရင် သီးလေးသီးဟာသမှာ ပြောသလို ကျီးကန်းခြေထောက်တွေလိုဘဲ။ ကိုယ့်အကြောင်းကိုယ်ပြောရတာ တခါတလေတော့ အပေါ်မော့ပြီး တံတွေးထွေးသလိုပါဘဲ။ ဒါပေမယ့် မတက်နိုင်ပါဘူး။ အရှိကို အရှိတိုင်းပေါ့။

စာပေက သင်ယူတဲ့အကြောင်း ပြန်ပြောပါရစေဦး။ ကျမ အမျိုးသမီးကလောင်ရှင်တွေရေးတဲ့ စာတွေလည်း ဖတ်ဖူးပါတယ်။ ဘာလဲ. အရမ်းနာမည်ကြီးတဲ့ ဆရာမ ဂျူးဝတ္တုတွေ.. အရမ်းကိုကြိုက်ပါတယ်.. နောက်.. ဒေါက်တာမတင်ဝင်းတို့.. (အမေလူထုဒေါ်အမာကိုတော့ ဒီစာမှာ ချွင်းချက်ထားပါရစေဦး..) စတာတွေပေါ့။ ဂျူးဝတ္တုတွေမှာလည်း အများအားဖြင့် အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေ၊ အတွေးအခေါ်ကောင်းတွေ.. ကို ပြသပေးပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်သတ်မှတ်ထားတဲ့ .. အမျိုးသမီးကောင်းဆိုတဲ့.. စံနှုန်းထဲ.. ဘောင်ထဲကနေကို မထွက်နိုင်ဘူးလို့ ခံစားရတယ်။ နောက်.. ကျမ အရမ်းကြိုက်ပါတယ်ဆိုတဲ့ စာရေးဆရာ မြသန်းတင့်တို့ ဆရာဖေမြင့်တို့ရဲ့ အမျိုးသမီးတယောက်အပေါ် အဓိပာယ်သတ်မှတ်ချက်.. စံသတ်မှတ်ချက်တွေကလည်း ဘောင်ထဲကထွက်ဖို့မပြောနဲ့.. ဘောင်ထဲကို နစ်သထက်နစ်အောင် ဆွဲနစ်နေသလိုပါဘဲ..။ ကျမ.. ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးကောင်းတယောက်ရဲ့ စရိုက်လက္ဗာတွေကို ကျမကိုယ်တိုင်အတွက် မကြိုက်ဘူး။ (ကိုယ်တိုင် မလုပ်နိုင်လို့လားတော့ မပြောတတ်ပါဘူး)။ ဆိုတော့ ကျမ.. လို့ပြောလိုက်တာနဲ့.. အရိပ်ပြ တကိုယ်လုံးမြင်တဲ့ကျမကလည်း ပထမအဆင့်.. ဒါဟာ အမျိုးသမီးဘဲလို့မြင်တယ်.. နောက်တဆင့်.. ဟိုအပေါ်မှာပြောထားတဲ့အချက်တွေလို.. နောက်ဆုံးနိဂုံးချုပ် အားနွဲ့တယ်.. ဘာညာပေါ့။ နောက်.. ဘောင်မလွတ်တဲ့အတွေးအခေါ်တွေကို ကျမ အတုမခိုးချင်တော့ဘူး။ (အတုမခိုးချင်တော့ဘူးဆိုတာ အရင်တုန်းက အတုခိုးဖူးလို့ပါ.. အဲဒီအကြောင်းတော့ မပြောချင်တော့ပါဘူး.. ကော်ဖီထဲ မာဆလာထည့်သောက်သလို လုံးဝ မစပ်ဟပ်ခဲ့လို့ပေါ့)။

ကျမက ကျမဆိုတဲ့ နာမ်စားကို မကြိုက်ရခြင်းအကြောင်း.. အမျိုးသမီးကောင်းတွေရဲ့ စံနှုန်းမှာ တချက်ကလေးမှ ဘောင်မ၀င်တဲ့ကျမ.. တကယ်မိန်းမရော ဟုတ်ရဲ့လားလို့ မေ့ငေါ့ချင်စရာပါ။ တကယ်ပါ.. ကျိန်ပြောရဲပါတယ်။ လူ့ အသိုင်းအ၀ိုင်းမှာပြောတဲ့ ဘာလဲ.. ယောက်ကရှာလား.. မိန်းမမဟုတ် ယောက်ျားမဟုတ်လား.. အဲဒီစိတ်ပေါက်နေလား.. မေးနိုင်ပါတယ်။ တချို့ လည်း မေးဖူးပါတယ်။ ဒီအချက်အတွက်တော့ အခါပေါင်းမရေတွက်နိုင်အောင် ကျမ်းကျိန်ပြောပါရစေ.. ကျမ ဟာ တကယ်မိန်းမပါ.. ယောက်ျားလေးကိုသာ ချစ်ခင်မြတ်နိုးတတ်တဲ့.. လူတွေသတ်မှတ်ထားတဲ့ဘောင်က.. ယောက်ျားကိုသာကြိုက်မှ မိန်းကလေးလို့သတ်မှတ်တဲ့.. မိန်းမစစ်စစ်ပါ.. အော်.. မိန်းမစစ်စစ်ပါရှင်။ အဲဒီလောက် ကျိန်ပြောတာတောင် မရုံတဲ့သူရှိသေးတယ်။ ထားလိုက်ပါတော့ ကြားဖြတ်သတင်းတွေ။

အရင်စာတွေမှာ အများဆုံးတွေ့ ဖူးမှာပါ.. ကျမရေးတဲ့ဆောင်းပါးတွေက မိမိ.. ဆိုတဲ့ နာမ်စားကိုသုံးခဲ့တာ။ သတိလည်း ထားမိကြမှာမဟုတ်ပါဘူးလေ။ အရမ်းနာမည်ကြီးတဲ့ စာရေးဆရာမဆိုတော့.. (လူမသိသူမသိ)။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေလိုဘဲ.. လူတယောက်ကားတိုက်တယ်လို့ပြောရင် လူတွေက ယောက်ျားပဲမြင်သလိုမျိုးပေါ့.. (မိန်းမက လူမဟုတ်တဲ့အတိုင်း).. အခုလည်း မိမိ..ဆိုတဲ့ အသုံးအနှုန်းက ကျမကို မသိတဲ့သူဆို ယောက်ျားစာရေးသူလို့ဘဲ ထင်ကြတာ။ (ကျမကိုယ်တိုင်ကလည်း အဲဒါကို ကျေနပ်နေလား မပြောတတ်ပါဘူး။ အရမ်းကို ကျိတ်ပြီးသဘောကျတာ။)

သူများ ယောက်ကရှာလို့ ပြောလဲ ပြောချင်စရာပါ.. ကျမဆီမှာရှိတဲ့ သူငယ်ချင်းအတော်များများက ကျမနဲ့ မတိမ်းမယိမ်းပါပဲ.. ကြမ်းနင်း ကြမ်းကျိုးဆိုတာမျိုးလိုဘဲ.. နူးညံ့လိုက်ကြတဲ့သူတွေ ... စကားပြောရင် ရန်ဖြစ်နေကြသလိုဘဲ ထင်ရတယ်.. ဘုကန့်လန့်နဲ့.. သူများတွေတောင် ကျမတို့သူငယ်ချင်းတအုပ်နေတဲ့အိမ်ဆို ဗိုလ်တထောင်အိမ်ဆိုပြီး နာမည်မှည့်ခေါ်ရလောက်အောင်ပါ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့.. ဒီစာလေးကိုဖတ်ပြီးရင် ကျမဟာ စာဖတ်သူတွေအနေနဲ့ ဘာခံစားချက်.. ဘာရသမှ မရသည့်တိုင်အောင် ကျမဟာ အမျိုးသမီးဆိုတာလေးတခုတော့ အသုံးအနှုန်းပေါ်ကြည့်ပြီး ရသွားကြမှာပါ..

တကယ်တော့ အထက်မှာပြောတဲ့အတိုင်း ကျမရဲ့အစွဲဟာ အတော်များများ မှန်ချင်မှ မှန်မှာပါ။ လက်တွေ့ ကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကျမဟာ လူ့ အသိုင်းအ၀ိုင်းနဲ့အတူ လူတွေသတ်မှတ်တဲ့ ဓလေ့ထုံးတမ်းကြားမှာ ဘောင်ကျကျ အသွင်းခံထားရတဲ့သူတယောက်အနေနဲ့ တချို့ ကိစ္စတွေမှာ အမှန်တရားလို့ သက်သေပြစရာ.. ဥပဒေဆိုပြီး လက်ညှိုးထိုးပြစရာ ရှိချင်မှရှိနိုင်ပေမယ့်.. ဘယ်ဥပဒေနဲ့မှ တော်ရုံအချိန်ယူ ပြင်ပေးလို့မရတဲ့ .. အစွဲ.. ဆိုတာကြီးက အမြစ်တွယ်နေတာ ကြာပြီဆိုတော့.. ကျမဆိုတဲ့ နာမ်စားသုံးတိုင်း ပျော့ညံ့တဲ့အတွေးအခေါ်ကို ပေးတယ်ဆိုတာကြီးကို ဖျက်ပစ်ဖို့ အချိန်ယူရပါဦးမယ်။

ဒီစာလေးကိုဖတ်ပြီး မိမိဟာ အမျိုးသမီးဆိုတာကို သိပြီဆိုရင်တော့ စာရေးရကျိုး နပ်ပါပြီ။

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP