ဒီဇင်ဘာဝိဥာဏ်

>> Tuesday, March 4, 2008

ကျမချစ်သော ဒီဇင်ဘာ.... ကျွန်တော်အကြိုက်နှစ်သက်ဆုံး ဆောင်းရာသီ....................။ ငယ်စဉ် ကျောင်းတက်စဉ်ကာတုန်းက သူငယ်ချင်းတွေရဲ့ စာစီစာကုံးတွေကို အပြေးသတိရမိတယ်....။ အော်... သူငယ်ချင်းတွေချစ်တဲ့ ဆောင်းရာသီ... အထူးသဖြင့် ဒီဇင်ဘာလကြီးကို ရောက်လာပြီဘဲ.....။

လူတော်တော်များများက ရာသီတွေထဲမှာဆို ဆောင်းရာသီကို ချစ်ကြတယ်.... လထဲမှာဆိုလည်း ဒီဇင်ဘာဆိုတာ လူတွေရဲ့ မျှော်လင့်မှုကို အများဆုံး ရရှိတဲ့ ချစ်စရာလလေးပေါ့....။

အဲဒီအထဲမှာ မေ အရမ်းချစ်ရတဲ့ ချစ်သူလည်း ပါလေရဲ့.....။ အော်... ကိုရေ... ကိုချစ်တဲ့ ဒီဇင်ဘာလလေး တခါပြန် ရောက်လာပြီလေလို့ တိုးတိုးလေး ညည်းတွားလိုက်ပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုတယောက် ကြားနိုင်မယ်မထင်ပါဘူး.....။





မေက တကယ်ဆို ဒီဇင်ဘာကို အဲဒီလောက်ထိ အရူးအမူး မဖြစ်မိပါဘူး.... မေချစ်တာ နွေဦးရာသီလေးပါ.....။ တအားလည်း မပူ... ချမ်းလဲမချမ်းတဲ့ အေးမြမှုကိုပေးတယ်လို့ မေထင်တယ်။ ဒါပေမယ့် မေ့ချစ်သူက အဖြူဆို မေကလည်း အဖြူ၊ သူက အမည်းရောင်ဆို မေကလည်း အမည်းရောင်ကိုဘဲ လိုက်လျောပြီး ကြိုက်ပေးခဲ့တော့ ဒီလလေးရောက်လာရင် ကို့ကို လွမ်းရတာ ပုံမှန်အလုပ်တခုလိုပါဘဲ.....။

ဆောင်းတွင်းဆိုတော့ ပွဲတော်တွေကလည်း နေရာတိုင်းလိုလို များလှပါဘိ။ အဲဒီလိုအချိန်မျိုးဆို ကိုက သူငယ်ချင်းတွေနဲ့ အပြင်သွားတာတို့လုပ်လေ့မရှိဘူး....။ မေကိုယ်တိုင်လည်း မကြိုက်တော့ အိမ်လာလည်ပြီး မေနဲ့ဘဲ စကားပြောအချိန်ကုန်လေ့ရှိတယ်....။ အချိန်တော်တော်များများ..... မေတို့ အိမ်ရဲ့ မနီးမဝေးက ကုန်းမြင်ပေါ်မှာ မြက်ခင်းတွေကလဲကောင်းဆိုတော့..... ညဘက် ကြယ်တွေရဲ့ အလှတွေကိုလည်း ထိုင်ကြည့်ရင်း မေတို့နှစ်ယောက် ပြောမကုန်တဲ့ စကားတွေပြောပြီး အချိန်တွေကို ကျော်ဖြတ်လေ့ရှိတယ်။ တခြားသူတွေအတွက် ပျင်းခြောက်ခြောက်ဖြစ်နိုင်ပေမယ့် မေကတော့ အဲဒီအချိန်လေးတွေကိုချစ်တယ်.....။ အထူးသဖြင့် အရမ်းချမ်းလွန်းတဲ့ ညတွေမှာ ကောင်းကင်က ကြယ်တွေကိုကြည့်ပြီး... ကိုဝတ်ထားတဲ့ အနွေးထည်ရဲ့ အနွေးဓာတ်နဲ့ ကို့ရဲ့ကိုယ်ငွေ့ တွေရောနေတဲ့ နွေးထွေးတဲ့ ကို့ရဲ့ရင်ခွင်မှာ စကားတွေအပြန်အလှန်ပြောပြီး ဒီဇင်ဘာညရဲ့ အလှကို ကုန်ဆုံးရတာကို အရမ်းချစ်တယ်.....။ အဲဒီလိုအချိန် ညတညကဆို ကိုပြောတဲ့စကားလေးကို အခုချိန်ထိ မေ မှတ်မိလွမ်းဆွတ်နေဆဲပဲ.... နောက်ဆို ကိုယ်တို့ နှစ်ယောက်တည်း ဒီ ဒီဇင်ဘာအလှကို ဒီလိုနေရာမှာ မနေတော့ဘူး.. ကိုယ်တို့လက်ထပ်ပြီးလို့ သားသားလေးတွေ... မီးမီးလေးတွေ ရလာရင် ကိုယ်တို့မိသားစုတွေ ဒီနေရာမှာ မီးပုံပွဲအသေးလေးလုပ်ပြီး ပျော်ကြရမှာ...... တဲ့... အဲဒီတုန်းကတော့ ကိုရဲ့ နည်းနည်းလေး စည်းကျော်တဲ့ စကားတွေကြောင့် အရမ်းရှက်ခဲ့ပေမယ့် အဲဒီအချိန်မှာဘဲ မေရင်ခုန်လိုက်တာ..... အင်း.. ဟုတ်တာပေါ့.... မေတို့က ဒီလိုကြီးဘဲနေကြမှာမှ မဟုတ်တာ.... နောက် ၁ နှစ် ၂ နှစ်ဆို လက်ထပ်ဖို့ ကိုနဲ့ သဘောတူထားပြီးသားလေ........။

ကိုက တခါတလေ အရမ်းသ၀န်တိုတတ်ပေမယ့် မေ့ကို စိတ်ချမ်းသာအောင် အရမ်းအလိုလိုက်တတ်တယ်.....။ တခါတလေ လူကြီးဆန်ပြီး မေ့ကို ဆုံးမတတ်ပေမယ့် တခါတလေ ကလေးတယောက်လို မေ့ကို နွဲ့ ဆိုးဆိုးတတ်သေးတယ်.....။ တခါတလေ ကို့က မေ့ကို ဆူတဲ့အခါ စိတ်ကောက်မိပေမယ့် ကိုစိတ်မကောင်းဖြစ်သွားရင် ပြန်ချော့ရတာလည်း မေ့တာဝန်လိုဖြစ်နေတယ်....မေကလည်း ကိုမျက်နှာညှိုးရင် ၀မ်းနည်းရတာပါဘဲလေ....။ သိပ်ချစ်ကြတဲ့ချစ်သူတွေဆိုတာကို ဟိုးအရင်တုန်းကတော့ ကမ္ဘာမှာ ရှိနိုင်မယ်မထင်ပေမယ့် ကိုနဲ့ဆုံဆည်းခဲ့တဲ့ ကာလတွေမှာတော့ အချစ်ကဗျာတွေ၊ စာတွေ၊ ပုံပြင်တွေမှာ ညွန်းဆိုထားတဲ့ ချစ်ခြင်းမေတ္တာက မေနဲ့ကိုတို့ချစ်တဲ့ အချစ်ကို လိုက်မမှီဘူးလို့ထင်ခဲ့သေးတာ.....။

ပျော်ရွင်မှုဆိုတာ အမြဲတမ်းမရှိနိုင်ပေမယ့် ဘယ်တော့ရပ်တန့် သွားမလဲဆိုတာကိုလည်း ဘယ်သူမှ သေချာမသိပါဘူး.....။ ကံကြမ္မာဆိုတာကလည်း တခါတလေ မျက်လှည့်ဆရာကိုတောင် လှည့်ကွက်တွေနဲ့ ပညာပေးနိုင်တဲ့အထိတောင် လူတွေကို လှည့်စားနိုင်သေးတာဘဲ.......။ ဒါပေမယ့် မေနဲ့ကိုကြားမှာ ကံကြမ္နာရဲ့လှည့်စားချက်က အရမ်းပြင်းထန်လွန်းပါတယ်......။

...ကိုချစ်တဲ့ ဒီဇင်ဘာမှာ ကို့အရမ်းချစ်ရတဲ့မေ့ကို တွေ့ ခဲ့တယ်..... ကိုတို့ အချစ်ခရီးမှာလည်း ဒီဇင်ဘာက အောင်သွယ်တော်ကောင်းအဖြစ်ရှိခဲ့တယ်ဆိုတော့..... ကိုတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာမှာဘဲ ကျင်းပမယ်နော်မေ....တဲ့..... ကိုပြောခဲ့တဲ့စကားလေးပါ....။ ကျင်းပမယ့်အချိန်ရက်နီးလာတော့ မေရောကိုရော အလုပ်တွေရှုပ်လို့.... ပစ္စည်းတွေစုံအောင် ၀ယ်ရခြမ်းရ..... ဖိတ်စာဝေဖို့အတွက် သူငယ်ချင်းတွေ မကျန်ရလေအောင် စီစဉ်ရနဲ့ ဖက်ဖက်ကိုမောလို့ .... ဒါပေမယ့် ကိုနဲ့မေ့ရဲ့မျက်နှာမှာ ချွေးတွေကိုယ်စီ စို့ နေပေမယ့် ကို့မျက်နှာပေါ်က ပီတိက မေ့ကို အမောပြေစေခဲ့ပါတယ်....... ကိုကလည်း မေပြုံးနေမယ်ဆိုရင် အမြဲတမ်း ပြုံးပျော်တဲ့မျက်နှာလေးနဲ့ရှိနေတတ်တာ..... ဒါကြောင့်လည်း ကို့ကို မေအရမ်းချစ်ခဲ့တာ လွန်တယ်လို့မထင်ပါဘူးကိုရယ်....။

မင်္ဂလာပွဲမစတင်မီ ၂ ရက်လောက်အလိုမှာတော့ ကိုနဲ့မေ့ကို ကံတရားက ရက်ရက်စက်စက် ခွဲခွာလိုက်ပြီလေ......
မေက ရေချိုးခန်းထဲ မတော်တဆ ချော်လဲပြီး သတိမေ့သွားတဲ့အချိန်မှာ..... ကိုက အဝေးတနေရာရောက်နေတဲ့အချိန်...... ကိုအဲဒီအကြောင်းကို သိရတဲ့အချိန်မှာ စိုးရိမ်လွန်ပြီး လာလိုက်တာ.....
ကို့ရဲ့သတိတရားတွေက မေ့ဆီမှာ အရောက်များနေတော့.... အန္တရာယ်ကို ကြိုမမြင်ခဲ့ဘူး.....
မေသတိရလာတဲ့အချိန်မှာ..... ကို့ရဲ့ ကားအက်စီးဒင့်သတင်းက မေ့ရင်ကို အရမ်းပူလောင်စေခဲ့တယ်..... မေ.. ကိုနေတဲ့ဆေးရုံကို မရောက်ခင်လေးမှာ ကိုအသက်မရှိတော့ဘူးဆိုတဲ့သတင်းက ဆေးရုံဝကနေ မေ့ရင်ကို ဆောင့်နဲ့ထွင်းသလို ရိုက်ခတ်ခဲ့တယ်......အဖြစ်ဆိုးလိုက်တဲ့ကိုရယ်.....မေ့ရဲ့ မတော်တဆမှုက ကို့ကို ဒီလောကကြီးထဲက ဆွဲထုတ်သွားလောက်အောင် ကံကြမ္မာက လှည့်စားလိမ့်မယ်လို့ မေမထင်ခဲ့မိဘူးကွယ်..... ရှေ့ ကို ကြိုတင်မြင်နိုင်စွမ်းရှိရင်.... ကိုအဲဒီလို အဖြစ်ဆိုးနဲ့မကြုံအောင် မေတားဆီးပေးချင်လိုက်တာ....။

ကိုလောကကြီးကို ထွက်ခွာသွားတာ.... မေ့ကိုထားရစ်ခဲ့တာ... အခုဆို ၂ နှစ်ကျော်တော့မှာပေါ့......
အဲဒီအဖြစ်က မေ့ကို အခုထိ ခြောက်လှန့်နေတုန်းဘဲကိုရယ်......
ကိုမေ့ကိုမချစ်ရင်... ထားခဲ့ရင် မေကတော့ အသစ်ရှာမှာဘဲလို့ ကိုရှိတဲ့အချိန်က စကားနိုင်ထိုးခဲ့ပေမယ့်................... တကယ်တော့ မေ့အချစ်တွေကို ကိုကလွဲပြီး ဘယ်သူ့ မှ မပေးနိုင်တော့ပါဘူး.....

ကံကြမ္နာက ကိုနဲ့ မေတို့ကို ရက်ရက်စက်စက် သေကွဲခွဲခဲ့ပေမယ့် မေနဲ့ကိုနဲ့ချစ်ခြင်းကိုတော့ မခွဲနိုင်ပါဘူး.... သေမင်းက ကို့ကို အပါခေါ်နိုင်ပေမယ့် ကိုယ့်ရဲ့အချစ်ငွေ့ လေးကိုတော့ မေ့နားက မဆွဲခေါ်နိုင်ခဲ့ပါဘူး...... ဒါပေမယ့် ကို့ကိုချစ်တဲ့ မေ့အချစ်ကိုတော့ ကိုယ်နဲ့အတူ မခေါ်ဘဲ ပါသွားခဲ့တာ သူမသိဘူးထင်ပါရဲ့......

မေအရမ်းချစ်ရတဲ့ ကို့ကို ခွဲခဲ့ရတဲ့ ဒီ ဒီဇင်ဘာလလေးကို ရင်နာချင်ပေမယ့်... ကိုအရမ်းမြတ်နိုးတဲ့အတွက် အပြစ်မဲ့လလေးကိုတော့ မနာကျင်ရက်ပါဘူးကိုရယ်........ သူ့ ကိုလည်း တဖက်က ကျေးဇူးတင်နေမိတယ်.....
ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ရောက်ရင် ဒီဇင်ဘာဆောင်းည ငွေ့ လေးတွေရပြီဆိုရင် ကို့ကို အမြဲတမ်း အရင်ကထက် ပိုလွမ်းရလို့လေ..... အလွမ်းဆိုတာ နာကျင်စရာပါ... ဒါပေမယ့် ကို့ကိုလွမ်းရတာက မေ့အတွက် မြတ်နိုးစရာလေးလို ဖြစ်နေပါပြီကိုရေ.................

ကိုယ်လိုချင်တာကို ရတာက...
အောင်မြင်မှုပေါ့.....။
ကိုယ်ရတာကို နှစ်သက်နိုင်ရင်
ပျှော်ရွင်မှုပဲ.....တဲ့.....
မေလက်ခံရရှိလိုက်တဲ့ ကံတရားကို မေကျေနပ်တတ်ပါတယ်..... အချစ်ဆိုတာ တခါတလေ ကံတရား... ကံကြမ္နာကိုတောင် အံတုနိုင်တဲ့ ခွန်အားရှိတာဘဲကိုရယ်................။ အနည်းဆုံး ကို.. မေ့အနားမှာ ထာဝရရှိမနေနိုင်တာင်မှ ကိုယ့်ဝိဥာဏ်လေးက မေ့အနားမှာ အမြဲတမ်း ရှိနေတယ်လို့ မေယုံကြည်ပါတယ်..............


ကိုတယောက် တမလွန်ဘ၀ကနေ ကို့အပေါ်ထားတဲ့ မေ့ရဲ့ချစ်ခြင်းမေတ္တာအတွက် ကျေနပ်နိုင်ပါစေလို့.......................

3 comments:

Anonymous March 5, 2008 at 3:32 PM  

မျက်ရည်တောင်ကျရတယ်ဗျာ.. တကယ်ခံစားရတယ်.. :(

မဖြစ်နိုင်သောအရာ March 5, 2008 at 4:24 PM  

ဝီး ... တစ်ဝက်ကနေ ဆက်မဖတ်နိုင်တော့ဘူး။ ရွှီး .. (ဖတ်)။... ဆက်လက်ရေးပါအုံး။ ... ခင်မင်စွာ ရှေ့ဆက် အားပေးနေ လျှက်ပါ သူငယ်ချင်းလေနော်။ ..

Winkabar March 6, 2008 at 9:10 PM  

အရမ်းကောင်းတဲ့ဇာတ်လမ်းလေးပဲ။ ဖတ်ပြီး တကယ်စိတ်မကောင်းဘူး။

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP