Coming သင်္ကြန်

>> Sunday, March 30, 2008



ဂျိမ်း.. ၀ုန်း.. ၀ုန်း..။

မိုးတွေကလည်း ကြီးလိုက်တာ။ တကယ်ဆို ဒီလို ဧပရယ်လ.. သင်္ကြန်မတိုင်ခင်ဆို သင်္ကြန်မိုးလို့ခေါ်တဲ့ မိုးဖွဲဖွဲလေးတွေ ရွာတတ်တယ်...။ အခုတော့ ဖွဲဖွဲမကတော့ဘူး..။ သားကောင်ရှာတဲ့ကျားလို့.. သဲကြီးမည်းကြီး ရွာနေလိုက်တဲ့မိုး။

အင်း...။ ဘာလိုလိုနဲ့ နောက်တပတ်ကျော်လောက်ဆို သင်္ကြန်ကျတော့မယ်...။

စိတ်ထဲမှာ နွေးနွေးလေး ခံစားလိုက်ရတယ်။ သင်္ကြန်အသံကြားတာနဲ့တင် အရမ်းပျော်တတ်တာ။ နောက်.. ပိတောက်ပန်းကို အရမ်းချစ်ခဲ့တာ..။ အခုတော့ မမြင်ဖူးတာ ကြာတော့ နည်းနည်းအချစ်ရော့သွားသလိုဘဲ။ ဒါပေမယ့် ပိတောက်ပန်းနံ့နဲ့ ပန်းတောက်ပန်းပွင့်တွေကိုတွေ့ ရင် ဒေါသထွက်နေတဲ့စိတ်တွေတောင် တခဏအတွင်း နူးညံ့သွားတတ်တာ။



ဟိုး ၈ တန်းအချိန်တုန်းကဆို ပိတောက်ပန်းနဲ့ပတ်သက်ပြီး ခံစားချက်အပြည့်အ၀နဲ့ ကဗျာလေးတပုဒ်တောင် ရေးမိသေးတယ်။ အခုပြန်ဖတ်ချင်တော့ မရတော့ဘူး။ ဘယ်တောင်ပျောက်နေပြီလဲမသိပါဘူး။ ကဗျာလေး ရေးရတဲ့အကြောင်းကလည်း တမျိုးရယ်ချင်စရာလေး။ သူငယ်ချင်းတယောက်နဲ့အတူ နွေရာသီကျောင်းပိတ်ရက်မှာ ပန်းချီသင်တန်းအတူတက်ဖူးတယ်..။ သူနဲ့ ပန်းတွေအကြောင်းပြောရင်း. သူက နှင်းဆီကို ချစ်တဲ့သူ.. ကိုယ်က ပိတောက်ကို စွဲလမ်းတဲ့သူ...။ သူပြောတယ်.. ပိတောက်ပန်းက သစ္စာမရှိဘူးတဲ့။ သူ့ စကားက ကိုယ့်ရင်ဝကို ပြေးဆောင့်သလိုပဲ.. ပိတောက်ပန်းလေးကိုလည်း သနားလိုက်တာ..။ သူ့ မှာ ဘာအပြစ်မှမရှိဘဲ.. လူသားတွေရဲ့ အပြစ်တင်ခြင်းကို ခံရတယ်..။ အဲဒီခံစားချက်တွေနဲ့ ကဗျာရေးခဲ့မိတာပေါ့။ အင်း....... ဒိအကြောင်းလေးကလည်း သင်္ကြန်ရောက်တိုင်း ပိတောက်ကိုသတိရ.. ပိတောက်ပန်းကို သတိရတိုင်း.. သူ့အတွက် ကိုယ့်ရဲ့ခံစားချက် ကဗျာလေးကို သတိရမိတာပါ။

ဒီနှစ်သင်္ကြန်တော့ ဘယ်မှ မလည်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ အင်း.. သူငယ်ချင်းတွေကတော့ လူ့ ကန့်လန့်လေ.. ထပ်လုပ်ပြန်ပြီလို့.. ညည်းတွားကြလိမ့်မယ်။ ပွဲတော်ကြီးတွေရှိတဲ့အချိန်ဆို ကိုယ်က မသွားချင်ဘူး..။ အိမ်မှာ စိတ်ကူးယဉ်ပြီး ခံစားတတ်တယ်..။ သင်္ကြန်ဆို ကောင်းကောင်း တခါမှ မလည်ဖူးဘူး။

ဟင်း.. ဟင်း။ စိတ်ထဲမှာ ဟိုး ၂၀၀၅ ခုနှစ်သင်္ကြန်ကို သတိရမိပြီး ရယ်ချင်လိုက်တာ။

သင်္ကြန်မကျခင် တရက်အလိုမှာ သင်္ကြန်ယိမ်းကရမယ်ဆိုလို့ စိတ်ဆိုးလိုက်တာ။ အစ်မတွေလည်း ကိုယ့်ကို စိတ်တို.. ကိုယ်ကလည်း သူတို့ကို ပြောရကောင်းလားဆိုပြီးစိတ်တို.. သူငယ်ချင်းတွေကလည်း မကြည်တဲ့ပုံနဲ့ကြည့်... အဲလိုလုပ်လေ.. ကိုယ့်ကိုယ်ကိုယ် ငါ့ဘ၀ ငါ့စိတ်အလိုကျတိုင်း ဘာမှမရှိပါလား.. လွတ်လပ်မှု မရှိဘာလားဆိုပြီး ၀မ်းနည်းလိုက်တာ.. အိမ်အပေါ်ထပ်မှာ.. မင်းသမီးရှုံးမယ်.. ငိုယိုလို့။ ယိမ်းမကချင်ရတဲ့အကြောင်းကိုလည်း ဆင်ခြေပေးလိုက်ပါတယ်.. ဒီသင်္ကြန် ဥပုဒ်စောင့်မယ်ဆိုပြီးတော့လေ..။

နောက်တော့ လူတွေကလည်း မညီတာနဲ့.. နောက်.. ဘယ်လိုဖြစ်သွားလဲမသိပါဘူး.. သင်္ကြန်က မကဖြစ်တော့ဘူး။ မကဖြစ်တော့ သင်္ကြန်ကားငှားကြပြီး အပြင်ထွက်လည်ကြတာပေါ့.. သူတို့ကတော့ ခေါ်ပါတယ်..။ သွားလည်ဖို့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်စကားနဲ့ကိုယ် ဥပုဒ်စောင့်ရတော့တာပေါ့။ ဒါတွေ သူတို့မသိလိုက်ဖူးထင်တယ်။ ဘယ်လောက်တောင် ပျော်နေကြလဲမသိဘူး.. ညဘက်ရောက်တဲ့ထိတောင် ပြန်မလာကြဘူး။ ကိုယ်ကလည်း သတ္တိကောင်းတဲ့သူဆိုတော့ မိုးနည်းနည်းချုပ်တာနဲ့ သရဲက ကြောက်ချင်နေပြီ...။ တခါ သူတို့ကို ကျိတ်ပြီး စိတ်တိုနေပြန်...။ သူတို့ကိုလည်း အပြစ်တင်လို့ မရပြန်ဘူးလေ။ အဲဒီတနှစ်တော့ ဥပုဒ်မပြောနဲ့.. အကုသိုလ်တွေပွားလို့။

ဒီ ၂၀၀၀၈ သင်္ကြန်ကိုတော့ ဘယ်သူ့ ကိုမှလည်း စကားမကျွံချင်တော့ပါဘူးလေ..။ တကယ်သွားချင်တော့မှ ဂွကျနေဦးမယ်။

ဟော... မိုးစဲသွားပြီ။ သူလည်း ကိုယ့်စိတ်လိုဘဲ.. ကောက်ရိုးမီးဘဲ..။ ရွာချင်တော့လည်း ၀ုန်းခနဲ ရွာချ။ တိတ်ပြန်တော့လည်း အကြောင်းတောင် မပြန်.. ကြက်ပျောက်ငှက်ပျောက် ပျောက်..။ အေးလေ.. သူက သက်မဲ့ဆိုတော့ ဘယ်စကားပြောတတ်မလဲနော်။

ကဲ... ကိုယ်က စိတ်ကူးယဉ်ဆန်တတ်တော့.. အသေးအဖွဲကိစ္စလေးကလည်း ကိုယ့်အချိန်ကို ခိုးတတ်တယ်..။ ဘာဘဲဖြစ်ဖြစ် အတိတ်ကအကြောင်းတွေကို စမြုံ့ ပြန်ရတာ အရမ်းအရသာရှိတာပဲ။

ကိုယ်က အလုပ်တွေဆို မနက်ဖြန်လုပ်မယ့်အရာတောင် တခါတလေ မေ့တတ်တာ...။ ဒါပေမယ့် ပျော်ပွဲရွင်ပဲဆို ဒီနှစ် နှစ်သစ်ကူးပြီးပြီးချင်း နောက်နှစ် နှစ်သစ်ကူးအတွက် ကြိုပြီးရင်ခုန်တတ်တာမျိုးလေ..။

မကြာတော့တဲ့ အချိန်အတွင်းမှာ မြန်မာ့ရိုးရာ အတာသင်္ကြန်အတွက် ကြိုတင်ရင်ခုန်ကြရအောင်....

1 comments:

မြန်မာပြည်ကိုလွမ်းတယ် March 30, 2008 at 10:46 PM  

သင်္ကြန်တိုင်းကိုရင်ခုန်တယ်...ပိတောက်နံ.
လေးကိုရရင် စိတ်ချမ်းသာတယ်။မီးလျှံစပ်
ထားတဲ့ပိတောက်ပန်းကဗျာလေးတော့ ဖတ်
ချင်မိသား...။ပိတောက်ပန်းလေးရယ်၊ကဗျာ
လေးရယ်၊သင်္ကြန်ရယ်၊မိုးဖွဲဖွဲလေးရယ်..သိပ်
ကိုရင်ခုန်စရာပဲနော်............။

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP