သတ္တိပြောင်လှတဲ့ ငါတို့အမျိုးဟေ့...

>> Saturday, March 22, 2008

'သမီးက ဒီရောက်တာကြာပြီလာကွဲ့ '....
‘ဟင်အင်း.. ရောက်တာ မကြာသေးပါဘူးအန်တီ..’
အင်း။ ပြောသာပြောရတယ်။ တခါတလေတော့ အားငယ်မိတယ်။ ဒီဘက်အခြမ်းမှာ တွေ့ ရတဲ့ မိတ်ဆွေအတော်များများဟာ တကယ့်တော်လှန်ရေးမျိုးဆက်မှ တကယ်တော်လှန်ရေးမျိုးတွေ။ အဖိုးက ဘာလုပ်တယ်.. သူ့ အဖေက ဘယ်လိုမျိုး တော်လှန်ရေးထဲပါဝင်ခဲ့တာ.. သူ့ အမေဆို ဘယ်လိုသတ္တိရှိတာ.. သူဆိုရင်လည်း ငယ်ငယ်လေးကတည်းက ဘယ်လိုမျိုး စိတ်ဓာတ်ရှိတာ.. စသဖြင့် လူတမျိုး အတွေ့ အကြုံတမျိုး.. နောက်ခံသမိုင်းကြောင်း အမျိုးမျိုးနဲ့ပေါ့။ အားကျစရာပဲ။

ကိုယ့်မှာတော့ဖြင့် ယောင်လည်လည်နဲ့ ကိုယ့်အကြောင်းတောင် ကိုယ်ပြန်မေ့ချင်ချင်ဖြစ်နေတယ်။ တခါမှတောင် မကြားဖူးတဲ့ ဘာတဲ့.. နိုင်ငံရေးက ဘယ်လို.. အစိုးရက ဘာညာ.။ ဘာတွေပြောနေကြလဲမသိဘူး။ ကျောင်းမှာနေတုန်းကတော့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေအကြောင်း လေ့လာဖူးပါတယ်။ အားကျစရာကောင်းပေမယ့် 'ငါ.. တချိန် နိုင်ငံခေါင်းဆောင်ဖြစ်ရမယ်’ ဆိုတဲ့ ယုံကြည်ချက် စိတ်ကူးမိဖို့နေနေသာသာ ဖာသိဖာသာနေခဲ့တာ.. တခါတလေလည်း သူတို့လို အသတ်ခံရမှာတောင် ကြောက်မိသေးတယ်... အင်း.. နိုင်ငံ့ခေါင်းဆောင်တွေ လေးစားထိုက်ပါတယ်။




အရေးအခင်းတွင်းမှာ အသက်ပေးခဲ့ကြတဲ့ ခေါင်းဆောင်တွေကိုဂုဏ်ပြုတဲ့ အခမ်းအနားလေးကို အပေါင်းအဖော်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် လာခဲ့တယ်..။ ပထမဆုံးအကြိမ်မှန်း သိသိသာသာပါဘဲ. အကုန်ဆို အကုန်လုံး အသစ်အသစ်တွေပဲ ကြားနေမြင်နေရတယ်။ လာကြတဲ့ လူတော်တော်များများက တကယ့်ခံစားချက်အပြည့်.. ဂုဏ်ယူမှုအပြည့်.. လွမ်းဆွတ်မှုအပြည့်.. စတဲ့ ခံစားချက်ပေါင်းစုံ ပုံဖော်ထားတဲ့ မျက်နှာကိုယ်စီနဲ့ပေါ့။ ကိုယ်ကတော့ ဘာမှန်းမသိတဲ့ မျက်နှာငယ်လေးနဲ့ပေါ့။

အခမ်းအနားမှာ ၈၈ အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတချို့ ကနေ အမှတ်တရစကား.. အောက်မေ့ဖွယ်လေးတွေ ပြန်ပြောပြကြတယ်.. တချို့ ဆို ငိုကြတယ်. တချို့ ကတော့ မျက်ရည်လေး ၀ဲရုံပေါ့။ တချို့ ကတော့ ငိုတော့မယ့်မျက်ရည်ကို အနိုင်နိုင်ထိန်းချုပ်ထားတဲ့ မျက်နှာနဲ့.. တချို့ ကတော့ ‘အော်.. စိတ်မကောင်းလိုက်တာ’ဆိုတဲ့ ခံစားချက်မျက်နှာလေး...
ဒီအချိန်.. ကိုယ်လည်း ငိုချင်လာတယ်.. အကြောင်းကတော့.. အော်... ငါ့နှယ်.. ဒီအရာတွေ ဘာဖြစ်လို့ မသိခဲ့တာလဲ.. ဘာကြောင့် အခုမှ သိလာရတာလဲလို့.. ကိုယ့်ကိုယ်ကို သနားမိလို့ပါ.. ပြီးမှ အသက်ပေးခဲ့ကြရတဲ့ သူတို့ တွေအတွက် အရမ်းအံ့သြ၀မ်းနည်းမိတယ်..

အင်း.. အခုမှ ပြန်စဉ်းစားမိတယ်.. အဲဒီအချိန်ဆို ငါတို့အဖေအမေ.. ငါတို့အဖိုးအဖွားတွေလည်း ပါကြမှာပဲ.. ဘာဖြစ်လို့ ငါ့ကို မပြောပြကြတာလဲ...။ တကယ်တော့ ကိုယ်က တကယ့်နိုင်ငံရေးသမိုင်းကြောင်းကို သိချင်လွန်းလို့ အဲဒီခေတ်က လူတွေနဲ့ မေးမြန်းချင်တဲ့စိတ်ရှိလို့ဆိုတာထက်.. ငါတို့အဖိုးအဖွား.. ငါ့တို့မိဘတွေလည်း ဒီလိုပါဝင်ခဲ့ကြပါတယ်ဆိုတဲ့.. ဂုဏ်ယူမှုလေးကို ဒီအသိုင်းအ၀ိုင်းမှာ ရောသောဖောသော ပြောပြချင်လွန်းလို့ပါ....။ ရှင်းရှင်းပြောရင်တော့ ကြွားချင်တာပေါ့....။

အိမ်အရောက်.. အလောတကြီး အမေ့ကို ရှာမိတယ်။

‘အမေ.. ဘာလုပ်နေတာလဲ...’ မောဟိုက်သံနှင့်အတူ။ အမေကလည်း.. ချိုသာနွဲ့ နှောင်းသော အသံလေးဖြင့်..
‘ဒီမှာ ချက်ပြုတ်နေတာ မမြင်ဖူးလားဟဲ့’တဲ့လေ..။ သမီးနဲ့အမေက တခါတလေ ရောင်သူဝယ်သူ အသံတူကြပါတယ်။
‘အမေကလည်း သူများအကောင်းမေးတဲ့ဟာကို’။ ‘ဒီနေ့ဟိုအခမ်းအနားသွားတာ အရမ်းဝမ်းနည်းဖို့ကောင်းတာဘဲ.. ၈၈ အရေးအခင်းမှာ ပါတဲ့သူတွေကိုယ်တိုင် သူတို့အတွေ့ အကြုံ ပြောပြတာ အမေရဲ့’။ ကိုယ်ကသာ စိတ်ဝင်တစားပြောနေတာ။ အမေ့ဆီက ဘာသံမှ ထွက်မလာ။ အလုပ်ရှုပ်နေလို့ဘဲလား... စိတ်မ၀င်စားတာလား.. မပြောတတ်တော့ပါဘူး။ ဒါပေမယ့် ဒီနေရာမျိုးဆို အရမ်းအရစ်ရှည်လှသည့်ကိုယ်ကတော့.. ဆက်ပြော...
‘အမေ..’ အသံမထွက်လာ။
‘အမေ................’ နည်းနည်း အသံမြှင့်ပြီး ရှည်ရှည်လေး ခေါ်ပေးလိုက်တယ်။
‘အယ်.. ဘာလဲကွယ်.. တမေတည်း မေနေတာ.. ပြောစရာရှိပြောပါလား’။ အောင်မလေး.. အလွန်ချိုသာလှတဲ့ မွေးသမိခင် ကျေးဇူးရှင် ကိုယ့်အမေရဲ့အသံလေးပါ။ တော်သေးတယ်.. မအော်လွတ်လိုက်လို့။
‘၈၈ တုန်းက အမေ ဆန္နပြတဲ့အထဲ ပါလား’ အမေ့ပုံကြည့်ရတာ နည်းနည်းစိတ်ဝင်စားလာပုံရတယ်။ ခဏစဉ်းစားလိုက်ပြီးမှ..
‘မပါဘူး.. ကြောက်လို့ပုန်းနေတယ်’ အသံပျော့ပျော့လေး. ရယ်သံနှောပြီး ပြန်ဖြေသည်။
အောင်မလေး.. သတ္တိကြီးလှတဲ့အမေရယ်.. စိတ်ထဲမှာ ချီးကျူးထောပနာပြုလိုက်ပေမယ့် အမေ နည်းနည်းစိတ်တိုပြေတဲ့ပုံစံလေးဖြစ်လို့.. ထပ်မေးသေးတယ်။
‘အဖေရော ပါလား’။
‘နင့်အဖေလား.. ပါဖို့နေနေသာသာ ဆန္နပြတဲ့သူတွေကို သိပ်ကြည့်လို့ရတာမဟုတ်ဘူး.. နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူးတဲ့’..
ဒီတခါတော့ အောင်မလေးတောင် စိတ်ထဲမှာ မအော်ချင်တော့ပါဘူးလေ..
‘အဖိုးတို့ရော’။ စိတ်မှတ်မရှိ ပြန်မေးသေးတယ်။
‘နင့်အဖိုးဆို.. ကြောက်လို့ ဟိုး တောင်ပေါ်ခြံမှာတောင် သွားပုန်းနေတယ်.... ဘာလုပ်ဖို့လဲနင်က’....
‘ဘာမှမလုပ်ပါဘူး... မေးကြည့်တာ’။
အမေကတော့ သူ့ ဟင်းအရသာလေးကို မြည်းပြီး ကျေနပ်နေပုံပေါ်တယ်။ ဘာစကားမှတော့ ဆက်မပြောဖြစ်တော့ပါဘူး။
ကိုယ်ကတော့... ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက် သတ္တိပြောင်မြောက်လှတဲ့အကြောင်းလေးကိုသိရလို့... ထိုင်ရာကနေ ထဖို့တောင် အားမရှိတော့ဘူး...

‘အော်.. ငါလည်း ကြောက်တတ်တာ ဒါကြောင့်လား’
မဆီမဆိုင် အမျိုးအနွယ်ကို အပြစ်ပုံချဖို့ စိတ်ကူးလိုက်သေးတယ်...။

1 comments:

မြန်မာပြည်ကိုလွမ်းတယ် March 22, 2008 at 10:06 PM  

ရသမြောက်အောင်ရေးတတ်လိုက်တာ၊ညီမ
တို.အားလုံးရဲ့ရင်ထဲမှာမျိုးချစ်စိတ်ရှိနေတာပဲ။
ကိုယ်ကစပြီးကိုယ့်သမိုင်းကိုသေချာရေးကြ
လို.ရပါတယ်။စိတ်ဓာတ်ကိုအားပေးနေမယ်နော်

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP